You Are Here: Home» health , k-health » ပင်လယ်ရေညှိက ငှက်ဖျားဆေးအသစ်အတွက် လမ်းစပေါ်ထွက်


     ပင်လယ်ရေညှိပင်၏ သဘာဝဓါတ် တုန့်ပြန်မှု တစ်မျိုးကြောင့် ရောဂါဝင်ရောက်ခြင်းကို ကာကွယ် ပြီးသားဖြစ်နေရာ အဆိုပါပင်လယ်ရေညှိ၏ လုပ် ဆောင်မှုကို လေ့လာပြီး ငှက်ဖျားရောဂါ တိုက်ဖျက် ရေးဆေးသစ်တမျိုးကို တီထွင်နိုင်လိမ့်မည်ဟု အမေရိကန် သိပ္ဗံပညာရှင်တစ်ဦးက ဖေဖေါ်ဝါရီ ၂၁ရက်နေ့က ပြောကြားသည်။
     ခြင်မှတဆင့်ကူးစက်သော ငှက်ဖျားရောဂါ ကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူတစ်သန်းခန့် သေဆုံးလျှက်ရှိသည့်အပြင် ငှက်ဖျားပိုးသည် ထွက် သမျှဆေးများကို ယဉ်ပါးလျှက် ဆေးဒါဏ်ခံနိုင်သော အနေအထားသို့ ရောက်လာသဖြင့် နောက်ထပ်ဆေး အသစ်ထုတ်ရန် လိုအပ်နေသည်ဟု ဆိုသည်။
     ”တကမ္ဘာလုံးမှာ ငှက်ဖျားရောဂါကို ပျောက်အောင် ကုနိုင်တဲ့ဆေးဆိုလို့ နှစ်မျိုးလောက်ပဲ ကျန်တော့တယ်။ ဒါကြောင့် ပင်လယ်ရေညှိရဲ့ မော်လီကျူးတွေက နောက်ထပ်ဆေးသစ်ထုတ် ဘို့အတွက် နည်းလမ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ် ဟု ဂျော်ဂျီယာနည်းပညာ တက္ကသိုလ်မှ ပါမောက္ခ ”ဂျူလီယာကုဘာနက်” ကပြောသည်။
     သုတေသနပညာရှင်များသည် ဖီဂျီကျွန်းစုထွက် ပင်လယ်ရေညှိအမျိုးအစား ၈၀၀ ခန့်ကို လေ့လာရာမှ ”ဘရိုမိုဖီကိုလိစ်” ဟု ခေါ်သော တန်ပြန်တွန်းလှန်သော ဓါတ်ပေါင်းကို တွေ့ရှိခဲ့သည်။
     ”ပင်လယ်ရေညှိမှာ လူသားတွေလို ရောဂါကို တန်ပြန်တွန်းလှန်နိုင်တဲ့ ခုခံအား မပါရှိဘူး။ ဒါပေမဲ့ သူတို့ကိုယ် သူတို့ ကာကွယ်ဘို့အတွက် သဘာဝဓါတ်ပေါင်းပစ္စည်းတစ်ခုကို ထုတ်လုပ်တယ်။ ဒီလို သဘာဝဓါတ်ပေါင်းပစ္စည်းထုတ်လုပ်မှု ဖြစ်စဉ်ကို ကြည့်ပြီး လူသားတွေကို ရောဂါအမြာက်အများကနေ ကာကွယ်နိုင်ဘို့ အသုံးချသွားဘို့ စီစဉ်တာ”  ဟု ”ဂျူလီယာကုဘာနက်” က ဆိုသည်။
     ယခုအခါ ငှက်ဖျားဆေးယဉ်ပါးခြင်းကို ရပ်တန့်ရန် အရေးပေါ်လိုအပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ဆော်သြထားပြီး အချိန်မီ မလုပ်ဆောင်နိုင်ပါက အကြီးအကျယ်ပြဿနာ ပေါ်လာနိုင် ကြောင်းသတိပေးထားသည်။
     ဆေးယဉ်ပါးခြင်းသည် အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်၊ ဗီယက်နမ်တို့တွင် ပြန့်နှံ့လျှက် ရှိသည်ဟု ယူဆရသည်။

ပင်လုံသစ္စာ
Tags: health , k-health

0 comments

Leave a Reply