ကွာလာလမ်ပူ။ ။ ပစ္စည်းလုသူတစ်ဦး၏ မော်တော်ဆိုင်ကယ်စီး နှင့် အလုခံရသူ မောင်းနှင်သော ကားတို့ တိုက်မိကြရာမှ လုသူမှာ ဆိုင်ကယ်ပေါ်မှ လွင့်ကျသေဆုံးခဲ့ သည်။ ရဲနှင့် လမ်းသွားလမ်းလာများက အသက် ၃၅နှစ်အရွယ် ခါးပိုက်နှိုက်ကို ရေမြောင်း ထဲတွင် ဆယ်ယူရာ သေဆုံးသူ၏ ကျားတံဆာမှာ ခန္ဒာကိုယ်နှင့် တကွဲတပြားစီဖြစ် လျှက် ကြေမွလုနီးပါး ဖြစ်နေသည်ကို တွေ့ ရှိရသည်။ ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် ၎င်း၏ ကျားတံဆာမှာ ခန္ဒာကိုယ်မှ ပြုတ်ထွက်သွားခဲ့ သည်ဟု ယူဆရသည်။
သေဆုံးသူ၏ ဆိုင်ကယ်နောက်တွင် စီးနင်း လိုက်ပါလာသော အဖေါ်မှာလည်း ခန္ဒာကိုယ်တွင် ဒါဏ်ရာ အမြောက်အများ ရရှိထားသည်။
အမှုမှာ ဖေဖေါ်ဝါရီ ၂၁ရက်နေ့ နံနက် ၈နာရီခွဲအချိန်၊ အမ်ပမ်းမြို့နယ်၊ Taman Mega Jaya ရှိ အသက်၂၈နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦး အိမ်မှ ထွက်ခွါရန် လက်ကိုင်အိပ်ကို ကားထဲတွင်ထည့် ထားပြီး အိမ်ဂိတ်တံခါးပိတ်နေစဉ် လူတစ်ယောက် ရုတ်တရက်ရောက်လာကာ ကားတံခါးဖွင့်၍ လက်ကိုင်အိတ်ကို ယူပြေးရာမှ ဖြစ်ပွားခဲ့သည်။
အမျိုးသမီးငယ်က ပစ္စည်းလုသူကို ပြန်လည်တိုက်ခိုက်ရာ လုသူက အမျိုးသမီး၏ ဗိုက်ကို ခြေထောက်ဖြင့် ကန်ပစ်ခဲ့သည်။ အမျိုးသမီးက ကားထဲသို့ ပြန်ဝင်ပြီး ခါးပိုက်နှိုက်၏ မော်တော် ဆိုင်ကယ်နောက်သို့ ဆက်လိုက်ရာ လုသူ၏ ဆိုင်ကယ်ကို အမျိုးသမီး၏ ကားက နောက်မှ ဝင်ဆောင့်မိပြီး ဆိုင်ကယ်ပေါ်မှ ပါလာသူ နှစ်ဦးစလုံး လွင့်စင်ကျခဲ့သည်ဟု ဆိုသည်။ ယာဉ်တိုက်မှု ဖြစ်ပွားသောနေရာမှာ အမျိုးသမီး၏ အိမ်မှ မီတာ၂၀၀ ခန့်သာ ကွာဝေးသည်ဟု သိရပြီး အမျိုးသမီးတွင်မူ မည်သည့်ဒါဏ်ရာမှ မရရှိကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ နှစ်ဦးစလုံးတွင် ယာဉ်မောင်းလိုင်စင်များ ရှိသော်လည်း မောင်းယူလာ သော မော်တော်ဆိုင်ကယ်မှာ ခိုးယူထားသော ဆိုင်ကယ်ဖြစ်သည်ဟု ရဲက ဆိုသည်။ ရဲက ခါးပိုက်နှိုက် နှစ်ဦးလုံးသည် အခြားသော ရာဇဝတ်မှုများတွင် ပါဝင်ပါတ်သက်ခဲ့ခြင်း ရှိမရှိ ဆက်လက် စုံစမ်းလျှက် ရှိသည်။
0 comments