ပစ်တလင်းဂျာယာ။ ။ ပြည်ထဲရေးဝန်ကြီး ”ဒါတွတ် ဆရီဟစ်ရှ်မူဒင်ဟူစိန်” က တရုတ်နိုင်ငံသူ (၅၇၉၂) ဦးသည် ပြည်ဝင်ခွင့်အတွက် မလေးရှား အမျိုးသားများကို လက်ထပ်ပြီး လက်ထပ်စာချုပ်ကို အလွဲသုံးစားပြုလုပ်ကာ ပြည့်တန်ဆာအဖြစ် အသက်မွေးလျှက် ရှိကြောင်း၊ အခြား (၁၂၃) ဦးမှာလည်း လက်ထပ်စာချုပ်ကို အမှန်တကယ် လက်ထပ်ခြင်း မဟုတ်ဘဲ အခြားကိစ္စများတွင် အသုံးချရန် လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည်ဟု မကြာသေးမီက ပြောကြားလိုက်သည်။
နိုင်ငံခြားသူများကို ၂နှစ်စာချုပ်ဖြင့် လက်ထပ်ရန်အတွက် ရင်းဂစ်ငွေ ၃၀၀၀ မှ ၂၀၀၀၀ အထိ ရရှိနေသော မလေးအမျိုးသား မြောက်များစွာ ရှိနေကြောင်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ် ရေးဌာန က သိရှိနေသည်မှာ ကြာခဲ့ပြီ ဖြစ်ရာ ပြီးခဲ့သော နှစ်မှ စတင်ကာ နိုင်ငံခြားသားများနှင့် လက်ထပ်သော စာချုပ်များကို အမှန်ဟုတ်မဟုတ် စစ်ဆေးကြည့်ရှုခဲ့ကြသည်။
နိုင်ငံခြားသူများအနေဖြင့် လက်ထပ်ကြေးအတွက် ပေးငွေကို အရစ်ကျ ငွေချေစံနစ်ဖြင့် ပေးနိုင်ပြီး သတို့သမီး၊ သတို့သားများအတွက် လက်ထပ်မင်္ဂလာ ဓါတ်ပုံများကိုလည်း ယုတ္တိရှိစေရန် ပြင်ဆင်လုပ်ဆောင်ပေးသော ဝန်ဆောင်မှုများလည်း အဆင်သင့် ရှိနေသည်ဟု သိရသည်။
မလေးအမျိုးသားအနေဖြင့် နိုင်ငံခြားသူကို လက်ထပ်ရာတွင် ငွေကြေးရရှိသည့်အပြင် ဇနီးသည် ဖမ်းဆီးခံရပါက ရဲစခန်းတွင် လာရောက်ရွေးယူရမည်ဆိုလျှင် ငွေကြေးသီးသန့်ရရှိသေးသည်ဟု ဆိုသည်။ အယောင်ဆောင် လက်ထပ်ခြင်းမှာ ကြာမြင့်စွာ နေထိုင်ခွင့်ရရှိရေးအတွက် ရည်ရွယ်ပြီး ကွာလာလမ်ပူ၊ ပီနန် နှင့် အိုင်ပိုတို့တွင် ထိုအမှုမျိုး အများဆုံး တွေ့ရသည်ဟု သိရသည်။
မည်သို့ဆိုစေ ဖမ်းဆီးမိထားသော နိုင်ငံခြားသူများကို တရားဝင် စာရွက်စာတမ်းများ ရှိသည့်တိုင်အောင် ဆက်လက်စစ်ဆေးနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးဌာနက ထိမ်းသိမ်းထားခွင့် ရှိသည်ဟု သိရပြီး ယခုနှစ်တွင် မလေးလူမျိုးနှင့် လက်ထပ်သူ တရုတ်နိုင်ငံသား ၆ဦးကို လူဝင်မှုကြီးကြပ်ရေးက ပြည်ဝင်ခွင့်ပေးရန် ငြင်းဆိုလိုက်ပြီး ယမန်နှစ်က ၂၃ ဦးကို ပြည်ဝင်ခွင့် ပိတ်ခဲ့သည်ဟု ဆိုသည်။

ပင်လုံသစ္စာ
0 comments