You Are Here: Home» economy , w-eco » ရှေးဟောင်းပန်းအိုးတစ်လုံးကြောင့် သန်းကြွယ်သူဌေးဘဝသို့ ရောက်ရှိ

ဒေါ်လာ ၁.၆ သန်း(အကြမ်းဖျင်းဈေး) "မင်” မင်းဆက်ခေတ်မှ ပန်းအိုး
အင်္ဂလန်နိုင်ငံမှ အသက် ၇၉နှစ်အရွယ်ရှိ ပင်စင်စား စက်ရုံအလုပ်သမား တစ်ဦး ပိုင်ဆိုင်သော ရှေးဟောင်းပန်းအိုးတစ်လုံးကို ကျွမ်းကျင်သူများက ဒေါ်လာ (၁.၆)သန်းခန့် တန်သည်ဟု သတ်မှတ်လိုက်ကြသည်။
ပန်းအိုးပိုင်ရှင်မှာ ရှေးဟောင်းပစ္စည်းစုဆောင်းခြင်းကို ဝါသနာပါပြီး ကက်ဒ်ဘူရီ ချောကလက်စက်ရုံမှ ပင်စင်စားဝန်ထမ်းဟောင်းတစ်ဦး ဖြစ်သည်။ ပန်းအိုးပိုင်ရှင်သည် ဒေါ်ချက်စတာရှိ ”Duke” လေလံပစ်ပွဲရုံးခန်းအတွင်းသို့ အဆိုပါပန်းအိုးကို စက္ကူကဒ်ထူပုံးတစ်ခုနှင့် ယူဆောင်သွားရာ ဝန်ထမ်း အားလုံးက အပစ်ပြောစရာ မရှိဖြစ်သော ပန်းအိုးကို ကြည့်၍ ရင်သပ်ရှုမော ဖြစ်ခဲ့ကြရသည်ဟု ဆိုသည်။ လေလံပွဲမှ ရှေးဟောင်းပစ္စည်း အကဲဖြတ်သူဝန်ထမ်း တစ်ဦးဖြစ်သူ Guy Schwinge က ”နှစ်ပေါင်း (၆၀၀) နီးပါး အပွန်းအပဲ့လုံးဝမရှိပဲ ဆက်လက်တည်ရှိ နေတဲ့ ပန်းအိုးကို ကြည့်ပြီး ကိုယ့်မျက်လုံးကို ကိုယ် မယုံနိုင်လောက်အောင် ဖြစ်ရပါတယ်” ဟု ဆိုသည်။ ဘီဘီစီသတင်းဌာန၏ အဆိုအရ ပန်းအိုးမှာ  ၁၁.၅ လက်မရှည်ပြီး မင်း မင်းဆက်၏ အစောပိုင်းကာလ (၁၄၀၃-၁၄၂၄) ၏ ပန်းအိုးများအနက်မှ ရှားပါးပန်းအိုးတစ်လုံးဖြစ်သည်ဟု ဆိုသည်။  ပန်းအိုးကို အင်ပါယာYongle နန်းစံချိန်တွင် ပြုလုပ်ခဲ့ပြီး လက်ကိုင်ကွင်းကလေးများ သေးငယ်နေခြင်းမှာ အရှေ့အလယ်ပိုင်း ယဉ်ကျေးမှုဟန်ပန်များ လွှမ်းမိုးသည်ကို ဖေါ်ပြသည်။ 
လေလံအကဲဖြတ်များက ပန်းအိုးသည် တရုတ်ပြည်မှ ဖြစ်သော်လည်း အရှေ့အလယ်ပိုင်းယဉ်ကျေးမှု လွှမ်းမိုးနေသဖြင့် အရှေ့တိုင်းသားရော၊ အာရပ်များကပါ ဝင်ရောက်လေလံဆွဲမည်ဟု ယူဆရကြောင်း ပြောသည်။  ပန်းအိုးတန်ဖိုးကို ဒေါ်လာ ၁.၆သန်းခန့်တန်သည်ဟု ဆုံးဖြတ်ထားပြီး မေလတွင် လေလံပစ်မည်ဖြစ်သည်။

၂၀၁၀ခုနှစ် နိုဝင်္ဘာလကလည်း ၁၆ လက်မ အရှည်ရှိသော လက်ရာပြောင်မြောက်လှသည့် ပန်းအိုးတစ်လုံးကို ဒေါ်လာ ၆၉.၅ သန်းနှင့် ရောင်းချကာ တရုတ်အနုပညာ ပစ္စည်းများထဲတွင် ဈေးအမြင့်ဆုံး စံချိန်တင်ခဲ့သည်။ ပန်းအိုးကို လေလံဆွဲချိန် နာရီဝက်ခန့် ကြာမြင့်ပြီး လေလံအောင်မြင်ခဲ့သူမှာ တရုတ်ပြည်မကြီးမှ တယ်လီဖုန်းဖြင့် လေလံဆွဲခဲ့ သူဟု ဆိုသည်။ ပန်းအိုးတန်ဘိုးမှာ ၆၉.၅သန်း ဖြစ်သော်လည်း ဗြိတိန်နိုင်ငံ၏ အခွန်ငွေနှင့် လေလံကုမ္ဗဏီကို ပေးရသော အခကြေးငွေများအပါအဝင် စုစုပေါင်း ဒေါ်လာ (၈၅.၉)သန်း ရှိခဲ့သည်။ ပန်းအိုးပိုင်ဆိုင်သူ မောင်နှစ်မနှစ်ယောက်မှာ မိဘများ သေဆုံးသွားပြီးနောက် အိမ်ကို ရှင်းလင်းရာ တရုတ်ရှေးဟောင်းပစ္စည်း နှစ်ခုတွေ့ရှိခဲ့ပြီး အခြားတစ်ခုကို ရောင်းချရာ (၆၅)ဒေါ်လာသာ ရရှိခဲ့ပြီး ယခုအဖိုးတန်ပန်းအိုးမှာ ၁၇၃၅-၁၇၉၆ အတွင်း ချင်လောင်း အင်ပါရာ နန်းစံချိန်က ပန်းအိုးဖြစ်နေခဲ့ရာ အကဲဖြတ်များက လေလဲပွဲမစခင်တွင် ၁.၉သန်းသာ တန်သည်ဟု အကဲဖြတ်ခဲ့သည်။

ပင်လုံသစ္စာ
Ref : Reuters
Tags: economy , w-eco

0 comments

Leave a Reply