အင်တာနက်ချစ်သူရှာဖွေရေး ဝက်ဆိုဒ်တစ်ခုက ဖေ့စ်ဘွတ်အသုံးပြုသူ လူဦးရေ (၂၅၀၀၀၀) ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူခဲ့သဖြင့် ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မာ့ဇူကာဘာဂ် က အဆိုပါဝက်ဆိုဒ်ကို တရားစွဲဆိုရတော့မည် ဖြစ်သည်။
ဖေ့စ်ဘွတ်သုံးသူတို့၏ ကိုယ်ရေးအကြောင်းအရာများကို ခိုးယူသော ချစ်သူရှာဖွေရေး ဝက်ဆိုဒ်မှာ အီတလီလူမျိုးနှစ်ဦးတည်ထောင်ထားသော LovelyFaces.com ဖြစ်ပြီး ၎င်းတို့ ခိုးယူထားသော ကိုယ်ရေးအချက်အလက်များကို အခြေခံကာ ရယ်စရာ ကောင်းသူ၊ ခပ်လွယ်လွယ်သမား၊ စသည်ဖြင့် သီးသန့်အုပ်စုများ ဖွဲ့စည်းလိုက်ပြီး ၎င်းတို့၏ ဝက်ဆိုဒ်တွင် တင်ခဲ့သည်။ ခိုးယူထားသော အချက်အလက်များတွင် ကာယကံရှင်တို့၏ အမည်၊ ဓါတ်ပုံ၊ နေရပ်၊ စသည်တို့ ပါဝင်သည်။ ၎င်းတို့၏ ဝက်ဆိုဒ်သို့ လာရောက်သူများသည် ကိုယ်ရေးအချက်အလက်များကို တစ်ခုချင်း ကြည့်ရှုနိုင်ပြီး စာလှမ်းပို့နိုင်သည်အထိ လုပ်ဆောင်နိုင်သည်ဟု သိရသည်။
ချစ်သူရှာဖွေရေး ဝက်ဆိုဒ် (LovelyFaces.com) ကို တည်ထောင်သူများဖြစ်သည့် Paolo Cirioှနှင့် Alessandro Ludovico တို့က ”ခိုးရန်လွယ်ကူသဖြင့် ခိုးယူခဲ့သည်” ဆိုသော အချက်ကို ထောက်ပြမည်ဟု ဆိုသည်။ သို့သော်လည်း ကာယကံရှင်များ မနှစ်သက်ပါက သူတို့ထံ တိုက်ရိုက်စာရေးပါလျှင် ခိုးယူထားသော ကိုယ်ရေးအချက် အလက်များကို ချက်ခြင်းပင် ဖယ်ရှားပေးပါမည်ဟုလည်း ၎င်းတို့က လမ်းလှမ်းထား သည်။
ဖေ့စ်ဘွတ်မှ မူဝါဒဆိုင်ရာ ဆက်သွယ်ရေးည့န်ကြားရေးမှူး Barry Schnitt ကမူ ဤဖြစ်ရပ်မှာ ဖေ့စ်ဘွတ်၏ စည်းကမ်းကို ချိုးဖေါက်ခြင်း ဖြစ်၍ လိုအပ်သလို အရေးယူ ဆောင်ရွက်ရန် LovelyFaces.com ကို ဝင်ရောက်ကြည့်ရှုလျှက် ရှိကြောင်း ပြောဆို လိုက် သည်။ ခိုးယူခံထားရသော ဖေ့စ်ဘွတ် သုံးသူများမှာ ကနေဒါနိုင်ငံမှ ဖြစ်ကြပြီး လူတိုင်းကို မြင်ခွင့်ပေးထားသည်ဟု ဆိုသည်။ ဖေ့စ်ဘွတ် သုံးသူများသည် မိမိတို့၏ အမည်နာမနှင့် ကိုယ်ရေးအချက်အလက်များကို မိမိမိတ်ဆွေမှ လွဲ၍ အခြားမည်သူမျှ ကြည့်မရအောင် ဝင်ရောက်တည်းဖြတ်နိုင်သော်လည်း အဆိုပါ ကိုယ်ရေးအချက်အလက် အခိုးခံရသူများမှာ ထိုသို့ အရံအတားများ ပြုလုပ်ထားခဲ့ခြင်း မရှိဟု ဆိုသည်။ ၂၀၀၉ ခုနှစ် တွင် ကောက်ယူထားသော စာရင်းအရ ကနေဒီယံ ၄၂%ခန့်သည် ဖေ့စ်ဘွတ် အသုံးပြုသူများ ဖြစ်သည်ဟု သိရသည်။
ပင်လုံသစ္စာ
ရှာပေးပါလား