You Are Here: Home» economy , w-eco » ဂျီအမ်နှင့် ခရိုက်စလာ

General Motor(GM)နှင့် ခရိုက်စလာ ကားထုတ်လုပ်ရေး လုပ်ငန်းစုကြီးများသည် အမေရိကန်ပြည်တွင်းရှိ မော်တော်ကားအရောင်းဆိုင် (၃၀၀၀)ခန့်အား ပိတ်သိမ်းသွားတော့မည်ဟု သိရသည်။
ထိုလုပ်ငန်းများကို မေလ(၁၄)ရက်နေ့မှစတင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်းလည်း အမေရိကန် အခြေစိုက် ကားကုမ္ပဏီကြီးနှစ်ခုက အတည်ပြုသည်။ ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ထိုကုမ္ပဏီကြီးများသည် အကြီးအကျယ် ရုန်းကန်နေရပြီး ခရိုက်စလာမှာ ဒေ၀ါလီခံရမည့် အခြေအနေနှင့်ပင် ကြုံတွေ့နေပြီဖြစ်သည်။

GMသည်လည်း အမေရိကန်အစိုးရက ဇွန်လ(၁)ရက်နေ့တွင် စီးပွားရေးအခြေအနေများ ရှင်းလင်းပြရမည်ဟု တောင်းဆိုထားမှုနှင့် ကြုံတွေ့နေရပြီး ယခုအခါ အရောင်းဆိုင် (၂၀၀၀)သို့ ဆိုင်များပိတ်သိမ်းတော့မည်ဟု နို့တစ်စာ ပေးပို့ထားပြီဖြစ်သည်။ ထိုပမာဏသည် ၎င်းတို့ အမေရိကန်တွင် ဖွင့်လှစ်ထားသည့် အရောင်းဆိုင် စုစုပေါင်း၏ (၃)ပုံ (၁)ပုံလည်းဖြစ်သည်။ ခရိုက်စလာသည်လည်း အမေရိကန်ရှိ အရောင်းဆိုင်(၃၁၈၉)ခုမှ (၁၀၀၀)ကို ဆိုင်ပိတ်ပစ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ၎င်းတို့အနေနှင့် ဆိုင်များပိတ်ပစ်ရန် ဧပြီလ(၃၀)ရက်နေ့ကတည်းက စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သီတင်းနှစ်ပါတ်ခန့် နောက်ကျနေခဲ့ကြောင်း ခရိုက်စလာက ကြေညာသည်။ ထိုဆုံးဖြတ်ချက်ကြောင့် အရောင်းဆိုင် (၃၀၀၀)တွင် အလုပ်လုပ်နေသည့် အလုပ်သမားဦးရေ (၂၀၀၀၀၀)တို့မှာ အလုပ်လက်မဲ့ ဖြစ်သွားတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ထိုကိစ္စအတွက် GMက တစုံတရာ မှတ်ချက်မပေးသော်လည်း ခရိုက်စလာမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ကေသီဂရေဟမ်က ကုမ္ပဏီ၏ ရုန်းကန်နေရသော အခြေအနေများကြောင့် ခက်ခဲသော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အမျိုးသား မော်တော်ယာဉ် ရောင်းဝယ်ရေး အဖွဲ့ကြီး (NADA)ကမူ ထိုလုပ်ရပ်ကို အပြင်းအထန် ရှုတ်ချလိုက်သည်။ NADAသည် အမေရိကန်နိုင်ငံတ၀ှမ်းရှိ မော်တော်ယာဉ် အရောင်းဆိုင် (၂၀၀၀၀)မှ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။ NADAမှ ကိုယ်စားလှယ်များသည် မေလ(၁၃)ရက်နေ့က အိမ်ဖြူတော်မှ တာဝန်ရှိသူများနှင့် ၀ါရှင်တန်မြို့တွင် တွေ့ဆုံဆွေးနွေးပြီး သမ္မတဘာရတ်အိုဘားမား၏ အမေရိကန် မော်တော်ယာဉ်လုပ်ငန်းအပေါ် သဘောထားများကို တိတိကျကျ သိရှိလိုကြောင်း တောင်းဆိုခဲ့ကြသည်။ အမေရိကန်အစိုးရသည် GMသို့ ဒေါ်လာ(၁၅.၄)ဘီလျံ ငွေထုတ်ချေးထားပြီး မေလ(၁)ရက်နေ့တွင် ကုမ္ပဏီ၏ ငွေကြေးအခြေအနေများအား တိတိကျကျ တင်ပြသွားရန် တောင်းဆိုထားကြောင်းလည်း သိရှိရသည်။

Source : Planet
Tags: economy , w-eco

0 comments

Leave a Reply