ကမ္ဘာ့ရှားပါး အပြာရောင်စိန်ပွင့်အား ကြည့်ရှုနေစဉ် |
(၇.၀၃)ကာရက် အလေးချိန်ရှိသော အပြစ်အနာအဆာ ကင်းမဲ့သော အပြာရောင် စိန်ကြီးတစ်လုံးကို မေလ(၁၁)ရက်နေ့က လေလံတင်ရောင်းချခဲ့ရာ ပေါင်စတာလင် (၆.၂၁)သန်း ရရှိခဲ့ကြောင်း သိရသည်။ ထိုဈေးနှုန်းသည် ကမ္ဘာ့ကျောက်မျက်ရတနာ သမိုင်းတလျှောက် အလေးချိန်ကာရက် အချိုးအစားအလိုက် တန်ဖိုးအမြင့်မားဆုံး စံချိန်လည်းဖြစ်ကြောင်း သိရသည်။ ကုဗတုံးပုံ သွေးထားသော ကမ္ဘာ့အရှားပါးဆုံး ရတနာတစ်မျိုးဖြစ်သည့် စိန်ပြာတုံးကြီးသည် ယခုနှစ်အတွင်းမှ ဈေးကွက်အတွင်း ရောက်ရှိလာခြင်းဖြစ်ပြီး အမည်မဖော်လိုသူ ၀ယ်လက်နှစ်ဦးက တယ်လီဖုန်းနှင့် အပြိုင်လေလံဆွဲခဲ့ကြကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်ခဲ့သည့် ဆော့သီဘီလေလံပွဲအား Firmကျောက်မျက်ကုမ္ပဏီမှ ချယ်ယာမင် ဒေးဗစ်ဘားနက်က ဦးစီးခဲ့ပြီး ဥရောပနှင့် အရှေ့အလယ်ပိုင်းမှ ကျောက်မျက်ရတနာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဘားနက်က ကမ္ဘာ့စီးပွားပျက်ကပ်၏ ထိုးနှက်မှုကို ခံနေရသည့်တိုင် ကျောက်မျက်ရတနာ လုပ်ငန်းများတွင် ထိခိုက်မှု သိပ်မရှိကြောင်း ယခုလေလံဈေးနှုန်းက သက်သေပြနေကြောင်း ပြောကြားခဲ့သည်။ “ဒါ ကမ္ဘာ့စံချိန်ပါ။ စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။ အလေးချိန်နဲ့ အချိုးချကြည့်ရင် ဒီစိန်ပြာတုံးကြီးရဲ့ တန်ဖိုးဟာ ကမ္ဘာ့လေလံသမိုင်းမှာ အမြင့်ဆုံးဖြစ်ပါတယ်”ဟု ဘားနက်ကဆိုသည်။ ယခုပေးသော ဈေးအရ တောင်အာဖရိကနိုင်ငံ၊ ကူလင်နန်စိန်တွင်းမှ တူးဖော်တွေ့ရှိခဲ့သည့် စိန်ပြာတုံးကြီးသည် (၁)ကာရက်လျင် ပေါင်စတာလင် (၈၈၃၈၆၆)မျှထိ တန်ဖိုးကျသင့်မည် ဖြစ်သည်။ ယခင်စံချိန်ဟောင်းမှာ (၂၀၀၇)ခုနှစ်အတွင်း ဟောင်ကောင်တွင် လေလံတင်ရောင်းချခဲ့သည့် (၆.၀၄)ကာရက် စိန်ပြာတုံးကြီးဖြစ်ပြီး ထိုစဉ်က ပေါင်စတာလင် (၅.၁၇)သန်း ရရှိခဲ့သည်။ ယခုအခါတွင် ထိုစိန်တုံးကြီး၏ ပိုင်ရှင်သစ်မှာ စိန်တုံးကြီး၏ မူပိုင်ခွင့်ကို ချုပ်ကိုင်နိုင်ပြီဟု ဘားနက်က ပြောကြားခဲ့သည်။ ဆော့သီဘီလေလံပွဲတွင် ကျောက်မျက်ရတနာ (၂၆၆)မျိုးအတွက် ပေါင်စတာလင် (၂၁.၁)သန်းဖိုးထိ ရောင်းချသွားခဲ့ကြောင်း သတင်းရရှိသည်။
Source : Planet
0 comments