လုပ်ငန်းရှင်များအနေဖြင့် အစိုးရက ဖွင့်လှစ်ထားသော ဌာနများတွင် ပြည်ပအလုပ်သမားများအတွက် အလုပ်လုပ်ကိုင်ခွင့်ကို တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း၊ ပွဲစားနှင့် အေဂျင်စီများသုံး၍ တင်သွင်းသော လျှောက်လွှာများကို လုံးဝလက်ခံမည် မဟုတ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ဖိအားပေးမှုအဖွဲ့ မှ ဒုတိယညွှန်ကြားရေးမှူး ရပ်စလီမော့တားက ပြောဆိုလိုက်သည်။
ရပ်စလီက ပွဲစားနှင့် ငှားရမ်းရေးအေဂျင်စီများ သုံးခဲ့ကြသော လုပ်ငန်းရှင်များသည် နောက်ဆုံးတွင် မိမိတို့ကို သော်လည်းကောင်း၊ အလုပ်သမားများကိုသော်လည်းကောင်း ပွဲစားများက လိမ်လည်ခြင်းနှင့် အဆုံးသတ်သွားကြောင်း၊ လိမ်လည်ခံရသော အမှုများတွင် အလုပ်သမားများသည် နိုင်ငံကူးလက်မှတ်ကို လူလိမ်ပွဲစားများက သိမ်းဆည်းခြင်းဖြင့် ဆုံးရှုံးကြရကြောင်းဆိုသည်။
ယခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လ ၂၄ ရက်အတွင်း ၂၅၄ ကြိမ် ၀င်ရောက်ဖမ်းဆီးမှုတွင် စုစုပေါင်း ၁၀၉၉ ယောက် ဖမ်းဆီးမိကြောင်း၊ ၎င်းတို့အထဲမှ အမှု ၃၈ မှုသည် အလုပ်ရှင်နာမည် မှားယွင်းနေကြောင်း၊ အလုပ်ရှင်များအနေဖြင့် မိမိတို့ဝန်ထမ်းများ၏ အလုပ်လုပ်ကိုင်ခွင့်ပါမစ်များကို သိမ်းထားရမည့် တာဝန်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၅၅ ဘီအောက်တွင် တရားမ၀င်နေထိုင်သူ ပြည်ပအလုပ်သမား ၅ ယောက်နှင့် အောက်ငှားရမ်းသူသည် မလေးရှားရင်းဂစ် ၁၀၀၀၀ နှင့် ၅၀၀၀၀ အကြား ဒါဏ်ငွေသော်လည်းကောင်း၊ ထောင်ဒဏ် ၁၂ လ သော်လည်းကောင်း၊ ထောင်ဒဏ်နှင့် ငွေဒါဏ် နှစ်မျိုးစလုံးကိုသော်လည်းကောင်း ကျခံနိုင်ရမည်ဟု သတ်မှတ်ထားကြောင်း၊ တရားမ၀င် နေထိုင်သူ အလုပ်သမား ၅ ယောက်အထက် ငှားရမ်းထားသူ အလုပ်ရှင်များသည် ထောင်ဒဏ် ၆ လမှ ၅ နှစ်အထိနှင့် ကြိမ်ဒဏ်အများဆုံး ၆ ချက် ကျခံနိုင်ရဖွယ်ရှိကြောင်း ရပ်စ်လီက ပြောကြားသွားသည်။
Source : The New Straits Times
0 comments