ဖေဖေါ်ဝါရီလ၂၀ရက်နေ့ အင်တာနက်သတင်းစာမျက်နှာများတွင် လူအများကို အံ့အားသင့်စေခဲ့ သည်မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် နေထိုင်သော မိသားစုတစ်စု၏ သတင်းဖြစ်သည်။ အဆိုပါမိသားစုတွင် အိမ်ထောင်ဥိးစီး ”မစ္စတာဇီယွန်နာချားနား” ဆိုသူသည် တရားဝင်ဇနီး (၃၉) ဦး၊ သားသမီးနှင့် ချွေးမ (၉၄)ဦး၊ မြေး (၃၃) ဦးတို့ဖြင့် တမိုးတည်းတွင် အတူနေထိုင်လျှက် ရှိသည်ဟု ဆိုသည်။
အခန်းပေါင်း ၁၀၀ ပါဝင်သော အိမ်တွင် မိသားစုဝင်စုစုပေါင်း (၁၈၁) ဦး နေထိုင်လျှက် ရှိပြီး မီးဖိုချောင်တစ်ခုတည်းကို ခွဲဝေသုံးစွဲသည်ဟု ဆိုသည်။ ဇီယွန်နာသည် ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်ပြီး ၎င်းဦးဆောင်သော ဘုရားကျောင်းက မိန်းမအများအပြားယူခြင်းကို လက်ခံအားပေး သည်ဟု သိရသည်။
အသက် ၆၆နှစ်ရှိပြီဖြစ်သော ဇီယွန်နာ သည် ပထမဦးစွာ အိမ်ထောင်ကျသော အချိန်တွင် အသက် ၁၇နှစ်သာ ရှိသေးပြီး ပထမဇနီးမှာ ၎င်းထက် ၃နှစ်ခန့် ကြီးသည်ဟု သိရသည်။ ”ဇီယွန်နာ” က အနာဂတ်တွင် မိန်းမဆက်လက် ယူလိုကြောင်းနှင့် မိသားစုဦးရေကို အတိုင်းအဆ မရှိ ဆက်လက် ချဲ့ထွင်လိုကြောင်း ပြောကြားသည်။ ၎င်းတို့ မိသားစုနေထိုင်သော မီဇိုရမ်ပြည်နယ်သည် မြန်မာပြည်နှင့် ကပ်လျှက် တည်ရှိပြီး ဇီယွန်နာ နှင့် ဇနီး ၃၉ ဦး တွဲရိုက်ထားသော ဓါတ်ပုံတွင် မိန်းမအများစုမှာ မြန်မာလူမျိုးများကဲ့သို့ လုံချည်များ ဝတ်ဆင်ထားသည်ကို တွေ့ရသည်။
လက်ရှိ မိသားစုဝင်များပြားလှသော်လည်း ဇီယွန်သည် အစိုးရထံမှ ထောက်ပံ့စားရိတ် လုံးဝမယူပဲ စိုက်ပျိုးရေးလုပ်ငန်းလုပ်ခြင်းဖြင့် အဆင်ပြေစွာ နေနိုင်သည်ဟု ဆိုသည်။
ဇီယွန်နာ၏ သတင်းနှင့် ပါတ်သက်၍ ကနေဒီယံသတင်း တစ်စောင်က ရေးသားရာတွင် တပြိုင်နက်တည်းတွင် မိန်းမတစ်ဦးထက် ပိုမိုလက်ထပ်သူကို ကနေဒါဥပဒေအရ အရေးယူ အပြစ်ပေးနိုင်ကြောင်း ဝေဖန်ပြောကြား လိုက်သည်။

0 comments