You Are Here: Home» social , socialism » ကျိုက်ဝိုင်း လူငယ်များပြုစုပျိုးထောင်ရေး ကျောင်းသို့သွားရောက်ခြင်း

မြန်မာနိုင်ငံမှာ စီးပွားရေး အဆင်မပြေမှုတွေ များပြားလာတာနဲ့အမျှ၊ မိဘမဲ့ကလေးတွေ တနေ့ တခြား များပြားလာတာကို တွေ့ရသလို မြန်မာပြည်အနှံ့အပြားရှိ ခိုကိုးရာမဲ့ ကလေးများအတွက် မိဘမဲ့ကျောင်းတွေလည်း အလျှိုအလျှိုပေါ်ပေါက်လာတာကိုလည်း တွေ့ကြရပါတယ်။

      မြန်မာပြည်ရဲ့ အနာဂါတ်မျိုးဆက်သစ်အချို့ဟာ ဆင်းရဲလွန်းလို့ မိစုံဘစုံမနေနိုင်တော့ပဲ မိဘမဲ့ကျောင်းများကို ရောက်နေကြပါတယ်။ ရန်ကုန်မြို့က တချို့ဘုန်းတော်ကြီးပိုင် မိဘမဲ့ကျောင်း တွေဆိုရင် ကျောင်းသား (၄၀၀)ခန့်အထိ ရှိနေတာကို တွေ့ရပါတယ်။  ဒီလိုအခြေအနေမျိုးကို ရောက်လာတဲ့ အခါ မိဘမဲ့ကျောင်းများရဲ့စီမံခန့်ခွဲမှုစံနစ်နဲ့ ကလေးတွေရဲ့ ဖွံဖြိုးတိုးတက်မှုအနေအထား မည်၍မည်မျှရှိတယ် ဆိုတာကို သိဖို့လိုအပ်လာပါတယ်။

      မိဘမဲ့ကျောင်းများထဲမှာ ပုဂ္ဂလိကပိုင် မိဘမဲ့ ကျောင်းများကို မည်သူမဆို ရောက်ဘူး ကြမှာ ပါ။ ဒါပေမဲ့ အစိုးရပိုင်ကျောင်းများကိုတော့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ဖြစ်ဘို့ ခဲယဉ်း ကြမယ်လို့ ထင်ပါတယ်။ လမ်းသစ်ဂျာနယ် အနေနဲ့ ရန်ကုန်ကို ရောက်တုန်းရောက်ခိုက် အစိုးရပိုင် ကျိုက်ဝိုင်းလူငယ်များ ပြုစုပျိုးထောင်ရေး ကျောင်းကို သွား ရောက်ခဲ့ပါတယ်။ ကျောင်းဝင်းဟာ ၃.၁ ဧကကျယ်ဝန်းပြီး ကျောင်းဝင်းထဲမှာတော့ ဘောလုံးကစားနေတဲ့ ကလေးများကို တွေ့ရပါတယ်။

ကျောင်းထဲကို ဝင်ပြီး လှုဒါန်းလိုသည်များကို ပေးအပ်ကာ ကျောင်းအုပ်ကြီးဦးစိုးလွင် ကိုတွေ့ခွင့်၊ စကားပြောခွင့်ရပါတယ်။ ကျောင်းအုပ်ကြီးဆိုပေမဲ့ အသက် (၄၀)ကျော်ပါတ်ဝန်းကျင်ခန့်ပဲ ရှိပါသေးတယ်။  အစိုးရပိုင်မိဘမဲ့ ကျောင်းများရဲ့ အခြေအနေ ကို လေ့လာဘို့ သိလိုသည်များကို မေးမြန်းခဲ့ရာမှာ ကျောင်းအုပ်ကြီး ဦးစိုးလွင်က အောက်ပါအတိုင်း ရှင်းလင်းပြောပြခဲ့ပါတယ်။  

လမ်းသစ်။ ။ ဆရာကြီးတို့ ရဲ့ ကျောင်းရာဇဝင်လေးများ နည်းနည်းလောက် ပြောပြနိုင်မလား။

ကျောင်းအုပ်ကြီး။ ။ ဟုတ်ကဲ့ ပြောပြနိုင်ပါတယ်။ ဒီကျောင်းကို တည်ထောင်တာကတော့ ၁၉၂၈ခုနှစ် ကတည်းကပါ။ ကလေးသူငယ်များ ကူညီ စောင့်ရှောက်ရေးအဖွဲ့ (Children’s Aid and Protection Society)က လေလွင့်နေသော မိဘမဲ့ကလေးများဂေဟာ (Home for Waif and Strays) ဆိုတဲ့နာမည်နဲ့စတင်ခဲ့တာပါ။ (၁၉၆၄)ခုနှစ် ဧပြီလ(၁၀)ရက်နေ့ မှာ နိုင်ငံတော်ကို လွှဲပြောင်း ပေးအပ်တဲ့အတွက် လူမှု ဝန်ထမ်းဦးစီးဌာနမှ အင်းယားလူငယ် သင်တန်း ကျောင်း ဆိုတဲ့နာမည်နဲ့ စတင်ဆောင်ရွက် ခဲ့ပါတယ်။ အဲလိုဆောင်ရွက်ပြီး ၃၃နှစ်အကြာ ၁၉၉၇ ခုနှစ်မှာ အခုလက်ရှိ လုပ်ကိုင်နေတဲ့ ကျိုက်ဝိုင်းကို ပြောင်းရွှေ့ကာ ဆက်လက်လုပ်ကိုင်ခဲ့တာပါ။

လမ်းသစ်။ ။ ကလေးတွေရဲ့ နေ့စဉ်အစားအသောက်တွေနဲ့ပါတ်သက်ပြီးတော့ ဘယ်လိုများ  စီမံဆောင်ရွက်တယ်ဆိုတာ သိနိုင်ပါသလား။ ဥပမာ အစိုးရထောက်ပံ့ငွေအပြင် ပြင်ပအလှုငွေတွေ၊ ဘာတွေ ရရှိတာမျိုး ကို ဆိုလိုတာပါ။

ကျောင်းအုပ်ကြီး။ ။ နိုင်ငံတော်အစိုးရက ကလေးတစ်ယောက်အတွက် ကျွေးမွေးစားရိတ် တနေ့ကို (၂၃၅) ကျပ်ပေးပါတယ်။ မြေပဒေသာပင်အလှုငွေ (ဘဏ်အပ်ငွေ) ကနေပြီးတော့ ကလေး တစ်ယောက်ကို (၆၅)ကျပ် အတိုးရပါတယ်။ အဲဒီတော့ ကလေးတစ်ယောက်အတွက် တနေ့ကို ၃၀၀ ကျပ် ဘိုးလောက် စရိတ်ရတယ်ဆိုပါတော့။ ခုလို အစိုးရဆီက ရတဲ့ ပုံမှန်ငွေအပြင် တိုတယ်မြန်မာ ကုမ္ဗဏီကလဲ ကလေးတစ်ယောက်အတွက် တနေ့ပဲနှစ်ကျပ်သားနှုန်း၊ တပါတ်ကို ကြက်ဥနှစ်လုံး ပေးပါတယ်။ တိုတယ်ကတော့ အစိုးရပိုင်မိဘမဲ့ဂေဟာက ကလေးများအားလုံး အတွက် အခုလို အစားအသောက်တွေကို ပုံမှန်လှုဒါန်းပါတယ်။ ဒီကြားထဲမှာ ရံဖန်ရံခါ အစားအသောက်၊ ငွေကြေး လာရောက်လှုဒါန်းတဲ့ စေတနာရှင်များလည်း ရှိပါတယ်။

လမ်းသစ်။ ။ ကျန်းမာရေးစောင့်ရှောက်မှုကရော စေတနာရှင်တွေရှိမှာပေါ့နော်။


ကျောင်းအုပ်ကြီး။ ။ ဟုတ်ကဲ့။ ကျန်းမာရေးဦးစီးဌာနက အထက်တန်းသူနာပြုနှစ်ဦးကို ထားရှိပေးပါတယ်။ တိုတယ်မြန်မာကုမ္ဗဏီကလဲ အကူသူနာပြု တစ်ဦးခန့်ထားပေးပါတယ်။ အင်္ဂါနေတိုင်းမှာ အကူဆရာဝန်တစ်ဦးက လာရောက်ကြည့်ရှုပြီး တိုတယ်မြန်မာကုမ္ဗဏီက ဆရာဝန်ကတော့ စနေနေ့တွေမှာ စစ်ဆေးကြည့်ရှုပေးပါတယ်။ ဆေးဝါးလိုအပ်ချက်ကိုတော့ တိုတယ်ကုမ္ဗဏီကပဲ လာစဉ်ဖြည့်ဆည်းပေးပါတယ်။

လမ်းသစ်။ ။ ကလေးတွေရဲ့ ပညာရေးအခြေအနေကရော ဘယ်လိုများ ရှိပါသလဲ။ ရောက်လာတဲ့ ကလေးတွေဟာ နွမ်းပါးတဲ့ အခြေအနေအမျိုးမျိုးကို ဖြတ်ကျော်လာရတာပါ။ ကိုယ်ဝန်ဆောင်ချိန်ကတည်းက အစားအသောက်ချို့ငဲ့တဲ့ ပြဿနာကို ရင်ဆိုင်ခဲ့ရတာဆိုတော့ တခြားမိစုံ၊ ဖစုံကလေးတွေလို အာဟာဓါတ်ပြည့်ပြည့်ဝဝ မရခဲ့လေတော့ ညဏ်ရည်လဲ သူများလို မဖွံ့ဖြိုးပါဘူး။ ဒါကြောင့်မို့ ပညာရေးမှာတော့ အခက်အခဲတွေ တွေ့ကြုံရပါတယ်။

လမ်းသစ်။ ။ ဒီကျောင်းမှာ ဘွဲ့ရသွားတဲ့သူ ဘယ်နှစ်ယောက်ရှိပါလဲ။ လက်ရှိရော ကျောင်းသား စုစုပေါင်း ဘယ်လောက်ရှိပါလဲ။

ကျောင်းအုပ်ကြီး။ ။ ဘွဲ့ရကတော့ တစ်ယောက်ပဲ ရှိပါတယ်။ အခုလက်ရှိမှာ ကျောင်းသား စုစုပေါင်း (၁၀၆)ဦးဟာ ကျောင်းပညာသင်ကြား နေပါတယ်။ ပထမတန်းကနေ ၁၀တန်းအထိ ကျောင်းသားတွေ ရှိကြပါတယ်။ (၁၀)တန်း ဖြေမဲ့သူက ဒီနှစ်အတွက် (၅)ဦးရှိပါတယ်။

လမ်းသစ်။ ။ ပညာရေးအပြင် အခြားရော ကျောင်းအနေနဲ့ ဘာတွေလုပ်ပေးပါသလဲ။


ကျောင်းအုပ်ကြီး။ ။ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်မှုအတွက် တစ်ဦးချင်း လုပ်ငန်း၊ အုပ်စုလိုက်လုပ်ငန်း၊ အကြံပေးလမ်းညွှန်ခြင်းလုပ်ငန်း တို့ကို  သင်တန်းတက်ပြီးတဲ့ ဝန်ထမ်း တွေက ဆောင်ရွက်ပေးပါတယ်။ အားကစားအတွက် ဘောလုံး၊ ခြင်းလုံးစတဲ့ အားကစားလှုပ်ရှားမှုတွေကို ပုံမှန်ဆောင် ရွက်ပးပြီး ဘာသာရေးဟောပြောမှုတွေကိုလည်း စီစဉ်ပေးပါတယ်။ နောက်ပြီး အခြားဗဟုသုတရရှိဘို့ ရုပ်မြင်သံကြားပြသပေးပြီး စာကြည့်တိုက်လဲ ဖွင့်ပေး ထားပါတယ်။ 

လမ်းသစ်။ ။ ကလေးတွေအားလုံးက ဆေးရုံက ရောက်လာကြတာပဲလား။ ဒါမှမဟုတ် ဘယ်လိုခေါ်ယူလာတာပါလဲ။


ကျောင်းအုပ်ကြီး။ ။ ကလေးအများစုကတော ကလေးပြုစုရေးကျောင်းက ရောက်လာတာပါ။ ဆေးရုံမှာ ကျန်ရစ်ခဲ့တဲ့ ကလေးတွေကို ကလေးပြုစုရေး ကျောင်းကို အရင်ပို့ပါတယ်။ ပြီးတော့မှ အသက် ၅နှစ်ပြည့်ပြီး ယောင်္ကျားလေးများကို ကျွန်တော်တို့ ကျောင်းကို ပို့တာပါ။ လက်ရှိမှာ ကလေးပြုစုရေး ကျောင်းက ရောက်လာသူ ၈၉ ယောက်ရှိပြီး ပြစ်မှုကနေ လွတ်ရက်စေ့ပြီး ရောက်လာတဲ့ ကလေးတွေက ၃၄ဦး ရှိပါတယ်။ ဒီကလေးတွေဟာ မြန်မာနိုင်ငံ အနှံအပြားက ရောက်လာတာဖြစ်ပြီး လွတ်ရက်စေ့ပေမဲ့ လည်း အခြေအနေအမျိုးမျိုး ကြောင့် ပြန်စရာနေရာမရှိရင် ကျွန်တော်တို့ကျောင်းကို ပို့ပေးပြီး တာဝန်ယူစေပါတယ်။

လမ်းသစ်။ ။ ကလေးတွေ အလုပ်ရသွားတဲ့အထိ ဘယ်လို ဆက်လက်ဆောင်ရွက် ကြပါသလဲ။

ကျောင်းအုပ်ကြီး။ ။ ကလေးတွေကို ကျောင်းပညာထူးချွန်ရင် တက္ကသိုလ်အထိပို့ပေးပါတယ်။ စာမေးပွဲဆက် မဖြေချင်တော့တဲ့ ကလေးတွေကိုတော့ အသက် မွေးဝမ်းကျောင်း ပညာသင်ကြား စေပါတယ်။ လက်သမားပညာ၊ ပန်းချီပန်းပုပညာ၊ အရိုးအကြောပြင်ပညာ၊ စသည်လိုဟာမျိုးပေါ့။ အသက် ၁၈နှစ် ပြည့်ပြီး သွားတဲ့ လူငယ်များကို သင့်တော်ရာ အလုပ်ရှာပေးပါတယ်။ များသော အားဖြင့် ဒီကထွက်တဲ့ ကလေးတွေဟာ ဒီမှာပဲ ပျော်ကြပါတယ်။ ဒီအသိုင်းအဝိုင်း ကနေ ဘယ်ကိုမှ မသွားချင်ကြပါဘူး။ ဒီက ဆရာ၊ ဆရာမတွေကို မိဘ၊ ဆွေမျိုးတွေလိုဖြစ်နေပြီး ဘဝတူတွေကို ညီအစ်ကိုတွေလိုဖြစ်နေတာလဲ ပါပါတယ်။ 

လမ်းသစ်။ ။ ကလေးတွေကို အကယ်၍များ မွေးစားမည့်သူများ ရှိမယ်ဆိုရင် ကျောင်းက လက်ခံပါသလား။

ဆရာကြီး။ ။ ဒီလိုရှိပါတယ်။ မွေးစားတာကို လက်ခံပါတယ်။ ဒါပေမဲ့ မွေးစားမယ်ဆိုရင်တော့ သေသေချာချာ အမွေစား၊ အမွေခံအဖြစ်နဲ့မှ မွေးစားမှ၊ သဘောရိုးနဲ့ မွေးစားလိုတယ်ဆိုမှ  လက်ခံပါတယ်။ ကလေးကို မချစ်ပဲ ခိုင်းစားဘို့ရည်ရွယ် ချက်နဲ့ မွေးတာမျိုး ဖြစ်မှာစိုးလို့ပါ။ (စကားချပ်။ ။ နိုင်ငံခြားသားများမှ မြန်မာကလေးများ မွေးစား ၍ နိုင်ငံခြားသို့ ခေါ်ဆောင်သွားခြင်း ကို ၁၉၉၈ခုနှစ် တွင် နောက်ဆုံးထားခွင့်ပြုခဲ့သည်။ သို့သော် အဆိုပါ ကလေးမှာ ခရစ်ယာန်မိဘမဲ့ ကျောင်းမှ ကလေးဖြစ်သည်။ အချို့နိုင်ငံခြားသားများ မြန်မာ ကလေးများကို မွေးစားထားသော်လည်း မြန်မာနိုင်ငံအစိုးရက လူကုန်ကူးမှုကို တားဆီးသည့် အနေဖြင့် ကလေးများကို ပြည်ပသို့ ခေါ်ဆောင်သွားခြင်း လုံးဝခွင့်မပြု။)

လမ်းသစ်။ ။ ဆရာကြီးရဲ့ကိုယ်ရေးရာဇဝင်ကိုရော သိခွင့်ရနိုင်မလား။

ကျွန်တော်က တပ်ဘက်က အနားယူပြီးတော့ ဒီကို ရောက်လာတာပါ။ ဒီမှာ အလုပ်ဝင်ပြီးတော့မှ စာပေးစာယူနဲ့ ဘီအေဘွဲ့ရပြီး ဒီကျောင်းမှာ ကျောင်းအုပ်အဖြစ်နဲ့ ဆက်လက်လုပ်ကိုင်ပါတယ်။ 

လမ်းသစ်။  ။ ဆရာကြီးအနေနဲ့ တပ်ကလာသူဖြစ်ပေမဲ့ အခုလို မိဘမဲ့ကလေးကျောင်းမှာ စေတနာတတပ်တအားနဲ့ အလုပ်လုပ်နေတာတွေ့ရတဲ့အတွက် အထူးဝမ်းသာဂုဏ်ယူမိပါတယ်။ အခုလို ဖြေကြားပေးတဲ့အတွက် လမ်းသစ်မှ အထူးကျေးဇူးတင်ရှိပါတယ်။

လမ်းသစ်
Tags: social , socialism

0 comments

Leave a Reply