မြန်မာပြည်တွင်းက အိမ်အကျယ်ချူပ် နှင့် စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုများ
အောင်ဆန်းစုကြည်ကို အကျယ်ချူပ်ချရာတွင် တိုင်းပြည်ကို အန္တရာယ်ပေးနိုင်သူဟု စွပ်စွဲခဲ့ပြီး လက်ရှိဥပဒေအရ စုံစမ်းစစ်ဆေးခြင်း မရှိပဲ ၃နှစ် ချုပ်နှောင်ထားနိုင်သည်ဟု ဆိုသည်။ သို့ရာတွင် ၁၉၉၁ခုနှစ်တွင် အကျယ်ချုပ်ကို ၃နှစ်မှ ၅နှစ်သို့ တိုးမြငှ့်ခဲ့သည်။ အိမ်အကျယ်ချူပ်စည်းကမ်းအရ မိသားစုဝင်များမှ လွဲပြီး မည်သည့်ဧည့်သည်မျှ လာရောက်တွေ့ဆုံခွင့်မရှိပေ။ရန်ကုန် စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ အကျဉ်းသားကို ညှင်းပန်းနှိပ်စက်ရာတွင် နည်းပညာမျိုးစုံကို အသုံးပြုသည်။ ကမ္ဘာကျော် အကျဉ်းသား အောင်ဆန်းစုကြည်အား ရုပ်ပိုင်းဆိုင်ရာအရ ညှင်းပန်းရန် ခက်ခဲလှသဖြင့် စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုများကို အားသွန်ခွန်စိုက် ပြုလုပ်ရာ ပြည်သူလူထုက အောင်ဆန်းစုကြည်ဖက်တွင် မားမားမတ်မတ်ရပ်တည်နေသဖြင့် ပြည်သူနှင့် စစ်တပ်တို့အကြား အာဂါတတရားမှာ ပိုမိုကြီးမားလာသည်။
သူမကို ဖိနှိပ်လေ၊ လူထုက မခံမရပ်နိုင်ဖြစ်လေ၊ ထိမ်းချူပ်ရ ပိုမိုခက်ခဲလေဖြစ်သည်။ ဒီပဲယင်း အရေးအခင်းနှင့် နောက်ဆက်တွဲ ကိစ္စရပ်များမှာ ထိုအချက်ကို ကွင်းကွင်းကွက်ကွက် ထောက်ပြ ထားသော အချက်ဖြစ်သည်။
သတင်းစာများတွင် ကလောင်အမည်မျိုးစုံတပ်ထားသော စာရေးသူအချို့က အောင်ဆန်းစုကြည်အား အနောက်တိုင်းသား မျက်နှာဖြူကို လက်ထပ်သူ၊ တိုင်းပြည်ကို ဖျက်ဆီးရန် ပြန်လာသူ အဖြစ် စွတ်စွဲကာ ပြည့်တန်ဆာအဆင့်အထိရောက်အောင် ရေးသားထားသော ဆောင်းပါးများမှာ မကြားဝန့်မနာသာ ဖြစ်သည်။
ကံကောင်းနေသေးသည်မှာ ထိုစဉ်က သားများနှင့် ရံဖန်ရံခါ တယ်လီဖုန်း ပြောခွင့်ရပြီး စာများ လည်း အပြန်အလှန် ဆက်သွယ်ခွင့်ရခဲ့သည်။ မိသားစုလာရောက်လည်ပါတ်ခွင့် ရှိသော်လည်း ကုန်ကျစရိတ်မှာ များပြားလှသလို အချိန်ကြာမြင့်စွာ လေယဉ်စီးရသဖြင့်လည်း အချိန်ကုန်၊ လူပန်း ဖြစ်ရသည်ဟု ဆိုသည်။ ထို့အပြင် မြန်မာစစ်ဗိုလ်ချူပ်များက လည်ပါတ်ခွင့်ဗီဇာကို ပေးလိုက်၊ ပယ်ဖျက်လိုက် ပြုလုပ်ခြင်းဖြင့် စိတ်ဓါတ်ရေးရာအရ ညှင်းပန်းနှိပ်စက်ခဲ့သည်။
မိသားစုအရေးနှင့် ခင်ပွန်းသည်၏ နောက်ဆုံးနေ့များ
မိတ်ဆွေဖြစ်သူ ပီတာကာရေးက အောင်ဆန်းစုကြည် မြန်မာပြည်တွင် ဆက်လက်နေထိုင်ခြင်းကြောင့် မိသားစုရရှိခဲ့တဲ့ အကျိုးဆက်ကို အောက်ပါအတိုင်း ပြောပါတယ်။ ”ကလေးတွေအဆင်ပြေ စိတ်ချမ်း သာစွာ ဆက်လက် နေထိုင်နိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားပေမဲ့လည်း မိုက်ကယ်အတွက်တော့ ခက်ခဲလှပါတယ်။ အိမ်အတွက် နွေးထွေးတဲ့မေတ္တာကို ပေးစွမ်းနိုင်တဲ့ မိခင်က အိမ်မှာ မရှိတော့ဘူးကိုး။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်က ၈၂%ဖြင့် အနိုင်ရရှိခဲ့ကြ၏။ သို့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို ပြောင်ပြောင်တင်းတင်း ငြင်းပယ်ကာ အောင်ဆန်းစုကြည်ကို အိမ်အကျယ်ချူပ် ဘဝဖြင့် ဆက်လက် ထားရှိခဲ့သည်။
ရွေးကောက်ပွဲပြီးနောက်ပိုင်း ၆နှစ်အတွင်း မိုက်ကယ်သည် ဇနီးသည်ကို နှစ်ကြိမ်သာ လာရောက် တွေ့ဆုံနိုင်ခဲ့၏။ ၁၉၉၉ ခုနှစ်၏ တခုသော နေ့ရက်တွင် မိုက်ကယ်သည် မိတ်ဆွေ ဖြစ်သူ ပီတာအား ဖုန်းဆက်၍ သူ့တွင် ဆီးကျိတ်ကင်ဆာရောဂါဖြစ်ပွားနေကြောင်း၊ သို့သော်လည်း ကုသလျှင် ပျောက်ကင်းသွား နိုင်ကြောင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောခဲ့၏။
မိုက်ကယ်၏ ယုံကြည်ချက်သည် လက်တွေ့အခြေအနေနှင့် ကွာခြားလှ၏။ သူ့တွင် ဖြစ်ပွားနေ သော ကင်ဆာရောဂါသည် အတော်ပင်ခရီးရောက်လျှက်ရှိပြီး အရှိန်အဟုန်ဖြင့် ကြီးထွားလျှက်ရှိ၏။ မကြာခင် သေရတော့မည်ဟု သိသော မိုက်ကယ်သည် ဇနီးသည်ကို နောက်ဆုံးအကြိမ် တွေ့ဆုံ နှုတ်ဆက်ရန် မြန်မာနိုင်ငံဗီဇာကိစ္စအတွက် အပြင်းအထန် ကြိုးစား၏။ သို့သော်လည်း မြန်မာအစိုးရက မိုက်ကယ်၏ ကျန်းမာရေးအခြေအနေသည် မြန်မာနိုင်ငံ၏ ဆေးဖက်ဆိုင်ရာ အရင်းအမြစ်များကို ပြုန်းတီးနိုင်သည်ဟု ဆိုကာ ဗီဇာထုတ်ပေးရန် ငြင်းဆိုခဲ့၏။ ထိုအခြေအနေမျိုးတွင် အောင်ဆန်းစုကြည်အနေဖြင့် အင်္ဂလန်သို့ခေတ္တပြန်ကာ ခင်ပွန်းဖြစ်သူကို တွေ့ဆုံနှုတ်ဆက်နိုင်ပါ၏။ အစိုးရကလည်း ထိုအခြေအနေကို တိုက်တွန်းအားပေး၏။ ဤနည်းကို အသုံးပြုခြင်းဖြင့် အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံအတွင်းမှ ထာဝရထွက်ခွါသွားစေရန် ပြုလုပ်နိုင်၏။ အောင်ဆန်းစုကြည်ကို ခင်ပွန်းဖြစ်သူကို နောက်ဆုံးတွေ့ခွင့်ရရန် ငြင်းပယ်လိုက်၏။ အင်္ဂလန်သို့ပြန်ပြီး နောက် မြန်မာနိုင်ငံအတွင်းသို့ ပြန်ဝင်လာခွင့်ရရန် ဆိုသည်မှာ လုံးဝမသေချာသော ကြောင့်ဖြစ်သည်။ မကြာခင် အသက်နှင့်ခန္ဒာ ဆုံးရမည်ဖြစ်သော မိုက်ကယ်ကို နှစ်သိမ့် အားပေးရုံနှင့် နှုတ်ဆက်ရုံမှ လွဲ၍ အခြား ဘာမှ လုပ်မပေးနိုင်တော့။ ခင်ပွန်းသည်ကို နှုတ်ဆက်ရုံမျှ အတွက် မြန်မာတပြည်လုံးကို ကျောခိုင်းရမည့်အရေးသည် မည်သို့မျှ မဖြစ်နိုင်သည်မှာ သေချာလှသည်။
နောက်ဆုံးအခြေအနေသို့ ရောက်ရှိလာသော မိုက်ကယ်သည် ဆေးရုံကုတင်ပေါ်မှ နေ၍ အောင်ဆန်းစုကြည်ကို နေ့စဉ်ဖုန်းဆက်နိုင်ရန် ကြိုးစားတော့သည်။ ထိုစဉ်က အောင်ဆန်းစုကြည်၏ အိမ်ဖုန်းလိုင်း မှာ ဖြတ်တောက်ခံထားရသည်ဟု ယူဆရသည်။ မိုက်ကယ်ကို ဆက်သွယ်ရန် သူမ သွားရောက်လည်ပါတ်နိုင်သည့် သံတမန်အရာရှိတစ်ဦး၏ အိမ်ဖုန်းလိုင်းကို စတင် အသုံးပြုရသည်။ ထိုသို့နေ့စဉ်လို တယ်လီဖုန်းအဆက်အသွယ်ရှိနေရာ မကြာခင်မှာပင် ထောက်လှမ်းရေးက ရိပ်မိသွားပြီး နောက်တနေ့မိုက်ကယ် ဖုန်းဆက်နေချိန်တွင် ဖုန်းလိုင်းလုံးဝပြတ်တောက်သွားတော့သည်။ တောက်လျှောက် တိတ်ဆိတ်နေခဲ့သော အောင်ဆန်းစုကြည်သည် ထိုအချိန်ကျမှပင် အကြီးအကျယ် ငိုကြွေးရတော့သည်။
မိုက်ကယ်သည် သူ၏ ၅၃နှစ်ပြည့် မွေးနေ့ ၁၉၉၉ခုနှစ် မတ်လ၂၇ရက်တွင် ကွယ်လွန်အနိစ္စ ရောက်သည်။ အောင်ဆန်းစုကြည်အနေဖြင့် မိုက်ကယ်၏ ဈာပနအခန်းအနားတွင် ဖတ်ကြားရန် စာတစ်စောင် ကို ပေးပို့ခွင့်ရခဲ့သည်။ စာထဲတွင် "ကျွန်မလိုအပ်တဲ့အခါတိုင်းမှာ နားလည်မှုအမြဲပေးခဲ့တဲ့ ခင်ပွန်းကို ရခဲ့လို့ ကုသိုလ်ကံကောင်းလှပါတယ်။ ဒီလိုနားလည်မှုကို ဘယ်အရာတွေကမှ မတားဆီးနိုင်ပါဘူး" ဟု ရေးသားခဲ့သည်။
သက်သက်ထွန်း
0 comments