You Are Here: Home» soccer , sports » အာဂွေရိုအားခေါ်ယူရန် ဖာဂူဆန်စိတ်ဝင်စား

မန်ချက်စတာ ယူနိုက်တက်သည် ၎င်းတို့၏ တိုက်စစ်နေရာအတွက် အက်သလတ်တီကို မက်ဒရစ်မှ တိုက်စစ်မှူးလေး ဆာဂျီယို အာဂွေရိုအား ပေါင်(၄၅)သန်းဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ဆာအဲလက်စ် ဖာဂူဆန်အနေနှင့် အသင်းမှ ထွက်ခွာတော့မည့် အာဂျင်တီးနား လက်ရွေးစင် ကားလို့စ်တီဗက်ဇ်၏ နိုင်ငံအသင်း ကစားဖော် အဂွေရိုအား အလွန်သဘောကျနေကြောင်း မန်ချက်စတာမှ အတွင်းလူအချို့က ဆိုသည်။ အသက်(၂၁)နှစ်သာ ရှိသေးသည့် တိုက်စစ်မှူးလေးသည် ပြီးခဲ့သည့် ဘောလုံးရာသီအတွင်း စွမ်းစွမ်းတမံ ခြေစွမ်းမျိုး မပြနိုင်ခဲ့သည့်တိုင် ကမ္ဘာ့အလားအလာအကောင်းဆုံး လူငယ်သွေးသစ် တိုက်စစ်မှူးလေးအဖြစ် နာမည်ကြီးနေဆဲဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သော နှစ်ရာသီအတွင်း အမှတ်ပေးပြိုင်ပွဲတွင် (၃၇)ဂိုး သွင်းယူခဲ့သည့် ကွန်ဟု ချစ်စနိုးခေါ်ဝေါ်ခံရသည့် လူငယ်လေးအား တစ်ပါတ်လုပ်ခ ပေါင်(၂၀၀၀၀၀)ပေးမည်ဟုပင် သွေးဆောင်ကမ်းလှမ်းထားသည်။ ဖာဂူဆန်သည် အာဂွေရိုအတွက် တစ်ပါတ်လုပ်ခ ပေါင်(၁၂၀၀၀၀)ဖြင့် (၅)နှစ်စာချုပ် ချုပ်ဆိုနိုင်ရန် မျှော်လင့်နေပြီး ကမ္ဘာပေါ်တွင် အထင်ရှား၊ အကျော်ကြားဆုံး ကလပ်အသင်းတစ်ခုသို့ အာဂွေရို လာရောက်မည်ဟု ယုံကြည်လျက်ရှိသည်။
အာဂွေရိုအား မန်ချက်စတာနှင့် ချယ်လ်ဆီးတို့အပြင် အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာစသော ထိပ်တန်းအသင်းကြီးများကလည်း အလိုရှိနေကြသော်လည်း အက်သလတ်တီကို မက်ဒရစ်၏ ဥက္ကဌဖြစ်သူ အန်းနရစ်ကာရီဇိုက ၎င်းတို့အသင်း၏ တိုက်စစ်မှူးများဖြစ်သော ဒီယေးဂိုးဖော်လန်နှင့် အာဂွေရိုတို့အား လုံးဝရောင်းချမည်မဟုတ်ကြောင်း မကြာသေးမီကမှ ယတိပြတ် ငြင်းဆိုထားသည်။
ဖာဂူဆန်ကမူ အာဂွေရို၏ အေးဂျင့်ထံမှ အကူအညီဖြင့် ချဉ်းကပ်ကမ်းလှမ်းနိုင်မည်ဟု ယူဆနေဆဲဖြစ်သည်။ ဖာဂူဆန်သည် တိုက်စစ်နေရာအတွက် အာဂွေရိုအပြင် ဗလန်စီယာမှ ဒေးဗစ်ဗီလာ၊ ဘာစီလိုနာမှ ဆမ်မြူရယ်လ် အီတူး၊ လီဗာပူးလ်မှ ဖာနန်ဒိုတောရက်စ်နှင့် လိုင်ယွန်မှ ကီရင်မ်ဘန်ဇီးမားစသော ကမ္ဘာကျော် ရှေ့တန်းလူများကိုလည်း စောင့်ကြည့်နေပြီး ဘန်ဇီးမားမှာ မန်ချက်စတာသို့ ရောက်ရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

Sourc: Planet
Tags: soccer , sports

0 comments

Leave a Reply