You Are Here: Home» artnews , arts » ၀၉-၀၉-၀၉ တွင် အငဲရဲ့ ၉ ခွေမြောက် “ကိုး” စီးရီးခွေထွက်ရှိ

အဆိုတော် အငဲ၏ ၉ ခွေမြောက် “ကိုး” အမည်ရှိ တေးစီးရီးကို ၉-၉-၀၉ တွင် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ ရွှေပြည်သာလမ်းရှိ Iron Cross Music Entertainment မှ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိခဲ့သည်။

ယခုလောလောဆယ် တိပ်နှင့်စီဒီသာ ဖြန့်ချိဦးမှာဖြစ်ပြီး ၎င်းခွေသည် အငဲ၏ ပထမဆုံး ကိုယ်ပိုင်သံစဉ် သီချင်းခွေဟုဆိုသည်။ ယခု “ကိုး” စီးရီးတွင် ကိုယ်ပိုင်သံစဉ် သီချင်း ၁၂ ပုဒ်ပါဝင်ပြီး တေးရေးမှာ မောင်မောင်ဇော်လတ်၊ နော်နော်၊ လင်းလင်း၊ ဖိုးဇော်နှင့် မီဂျူးတို့ ဖြစ်သည်။ “ကိုး” ကို Iron Cross Music Band က တီးခတ်ပေးထားပြီး PTL studio တွင် အသံဖမ်းယူထားသည်။ သီချင်းခွေ၏ ကာဗာတွင် အငဲ၏ မျက်နှာကို အပြည့်နီးပါး ထည့်သွင်းထားပြီး ဘေးဘက်တွင် စီးရီးခေါင်းစဉ် “ကိုး” ကို ရေးသားထားကာ၊ တိပ်နှင့် စီဒီခွေအကြား ကာဗာဒီဇိုင်း အနည်းငယ် အပြောင်းအလဲ ရှိသည်။

ဖြန့်ချိရက်မှာ ၉ ဂဏန်းများ (၉.၉.၂ဝဝ၉) ကျရောက်နေသလို၊ စီးရီးခေါင်းစဉ်ကလည်း 'ကိုး' (၉) ကိုပင် အသုံးပြုထားခြင်းနှင့် ပတ်သက်၍ I.C Music Entertainment တာဝန်ရှိသူက “သူ့ရဲ့ ၉ ခွေမြောက်မှာ ထူးထူးခြားခြားလေး ဖြစ်စေလိုတဲ့ စိတ်ကူးနဲ့ ကိုအငဲက အခုလို ၉ ဂဏန်းတွေ အများကြီး သုံးထားတာပါ” ဟု ပြောသည်။ ကိုအငဲ၏ ပထမဆုံး ကိုယ်ပိုင်သံစဉ်တေးစီးရီး ထွက်ရှိခြင်းအပေါ် တေးရေးဆရာ မောင်သစ်မင်းက “အဆိုတော်တွေဟာ တချိန်က ကော်ပီတွေ လုပ်လာရာကနေ တဖြည်းဖြည်းနဲ့ ကိုယ်ပိုင်သံစဉ်ဘက်ကို သွားနေကြတာပါပဲ။ ကျနော်တို့ကတော့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ပိုင်သံစဉ်ခွေ လုပ်တယ်ဆိုရင်  တေးရေးဆရာတွေအနေနဲ့ ကြိုဆိုပါတယ်။ own tune (ကိုယ်ပိုင်သံစဉ်) က ၁ဝဝ ရာခိုင်နှုန်း အားစိုက်ရတယ်။ သံစဉ်လည်း ရှာရတယ်။ စာသားလည်း ကောင်းအောင် ရေးရတယ်။ ပိုလည်း ခက်ခဲပါတယ်။ ဒါကြောင့် ရေရှည်တည်တံ့ဖို့ဆိုရင်တော့ ကိုယ်ပိုင်ဆိုင်မှု အပြည့်အဝရှိတဲ့ own tune က ပိုကောင်းမယ်လို့ ကျနော် ယူဆပါတယ်”  ဟု ပြောခဲ့သည်။

ယခု တေးစီးရီးသည် I.C Music Entertainment ၏ ယခုနှစ်အတွင်း ပထမဆုံး ထွက်ရှိသည့် သီချင်းခွေဖြစ်ပြီး အဆိုတော် အငဲအတွက် ပထမဆုံး ထုတ်လုပ်ဖြန့်ချိပေးမှုလည်း ဖြစ်သည်။ အဆိုတော် အငဲ၏ ယခင်ထွက်ရှိခဲ့သည့် တေးစီးရီးများမှာ (၁) ဝိညာဉ်များနှင့် ကခုန်ခြင်း၊ (၂) ဆာဟာရ၊ (၃) စိတ်ရွက်လှေ၊ (၄) Unplugged၊ (၅) သီချင်းများရဲ့ ဒဏ္ဍာရီ၊ (၆) ဆဋ္ဌမအာရုံ၊ (၇) ခုနှစ်ထွေအကနှင့် (၈) ဇစ်မြစ် တို့ ဖြစ်သည်။ ထို့အပြင် လေးဖြူ၊ မျိုးကြီးတို့နှင့် တွဲဖက်၍ သက္ကရာဇ် ၂ဝဝဝ တွင် ရာစုသစ်၊ ၂ဝဝ၇ ခုနှစ်တွင် LMN ဆိုသည့် တေးစီးရီးများတွင်လည်း ပါဝင်သီဆိုခဲ့သည်။

တေးရေးတေးဆို ကိုအငဲသည် I.C တေးဂီတဝိုင်း၏ ပင်တိုင်အဆိုတော်တစ်ဦးဖြစ်ပြီး Live Show ပေါင်းများစွာတွင် ပါဝင်ခဲ့သည်။ ထပ်မဝေးဘူး၊ ၈၅ မန္တလေးညတမ်းချင်း၊ ကိုယ်ရေးရာဇဝင်၊ ခါး၊ နူးညံ့တဲ့အမိန့်တော်၊ ဟောင်းသွားပြီလား၊ ဂန္ထဝင်မြောက် အိမ်အပြန်၊ အစရှိသည့် သီချင်းများသည် လူကြီး၊ လူလတ်၊ လူငယ်အားလုံးအတွက် ရေပန်းစားကာ အကြိုက်အများဆုံးတေးများဖြစ်သည်။ ကိုအငဲသည် မြန်မာ့နာမည်ကြီး ရော့ခ်အဆိုတော် ကိုလေးဖြူနှင့် ညီအစ်ကိုအရင်းလည်း ဖြစ်သည်။
Tags: artnews , arts

0 comments

Leave a Reply