ရစ်ခ်ျမွန်းမြို့ ရှိ သာသန၀ိပဿနာတရားရိပ်သာသို့ တရားထိုင်ရန် ရောက်လာသော လူများထဲမှ ဟွမ်ထရန်ဆိုသူက ဗုဒ္ဓဘာသာဆိုတာ ဘ၀နေမှုပုံစံ တမျိုးပါ။ ဆိုလိုချင်တာက ခင်ဗျားအနေနဲ့ ဘာဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ ဖြစ်ချင်တာဖြစ် အရေးမကြီးဘူး၊ ဒီဘဝနေမှုပုံစံကလေးကို လိုက်နာရုံပါပဲ။ အမေရိကမှာတော့ လွတ်လပ်တယ်။ ရွေးချင်တာကို ရွေးချယ်လို့ ရတယ်။ ဗီယက်နမ်မှာ နေခဲ့ရသလိုမျိုး ဘောင်ချထားတဲ့ စည်းဝိုင်းအ တွင်း နေရတာမျူိး မဟုတ်ဘူးဟု ထရမ် က ဆက်လက်ပြောဆိုသည်။
အမေရိကန်တွင် မွေးဖွားသူအများအပြားသည် ယခုနောက်ပိုင်းတွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်လာကြသည်။ အဓိကအကြောင်းအရင်းမှာ မိရိုး ဖလာကိုးကွယ်လာခဲ့သော ဘာသာတရားကို သဘောမကျတော့၍ဟု ဆိုသည်။ အဆိုပါ ဘာသာများတွင် လူအများသိလိုသော အမေးပုစ္ဆာများသည် အဖြေမပေးနိုင်ပဲ တို့လို့ တန်းလန်းရှိနေသည်။ ထို့ အပြင် အခြားသောပြဿနာမှာ သိပ္ဗံပညာတွေ့ ရှိချက်များနှင့် ဘာသာရေးတွင်ပါဝင်နေသောအကြောင်း အရာများမှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည့်အတွက် လွန်စွာ စိတ်ပျက်ဘွယ် ဖြစ်သည်ဟု ရစ်ခ်ျမွန်းရှိ ဇင်ဗုဒ္ဓဘာသာအဖွဲ့ခေါင်းဆောင်နှင့်ဗာဂျီးနီးရား တက္ကသိုလ်မှ ဇင်ဗုဒ္ဓဘာသာ ပါမောက္ခ ကီဗင်ဟက်ဖာနမ် ကဆိုသည်။ ဗုဒ္ဓဘာသာတွင် စင်္ကြာဝဋ္ဌာကြီးကို မည်သူက မည်သို့ဖန်တီးခဲ့သနည်းဆိုသည်မှာ အရေးမကြီးပဲ ယခုလက်ငင်းတွင် ဘာလုပ်ကြရမည်၊ လူအဖြစ်ရှင်သန်ပြီး သေလွန်ကြရမည့်အချိန်တွင် ဘာတွေလုပ်ဘို့  လိုအပ်မည်မှာ ပိုမိုအရေးကြီး ကြောင်း၊ ဤကိစ္စများမှာ ပိုမိုလက်တွေ့ ကျပြီး အကောင်းဆုံးချဉ်းကပ်နည်းလည်း ဖြစ်ကြောင်း ဟက်ဖာနမ်က ဆက်လက်ဆိုသည်။
ဟက်ဖာနမ်သည် အက်ပီစကိုပါဘုရားရှိခိုးကျောင်းတွင် နေထိုင်ကြီးပြင်းလာခဲ့ပြီး ၁၉၆၀ပြည့်နှစ်များအတွင်း သေခြင်းတရား၊ လူသတ်ခြင်းနှင့် စစ်ပွဲများ အကြောင်းကို စဉ်းစားခဲ့ရာမှ ဒဿနိကဗေဒဘာသာရပ်ကို စတင်လေ့လာကာ နောက်ဆုံးတွင် ဗုဒ္ဓဘာသာသို့ ရောက်ရှိခဲ့သည်။
ဗုဒ္ဓဘာသာ ပြန့်ပွားလာရခြင်း၏ အခြားသော အကြောင်းတခုမှာ လူအဖွဲ့အစည်းတွင် အံမဝင်ခွင်မကျဖြစ်နေသူများအတွက် သင်ကြားပြသပေးရန် နေရာ တခုလိုနေသည်ဟု အမေရိကန် လူမျိုးအများစုက ယူဆနေကြခြင်း ဖြစ်သည်။ အီကိုဂျီဗုဒ္ဓဘာသာ တရားစခန်းခေါင်းဆောင် အင်ဒီဝစ်ကိုရက်က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာခြင်းဖြင့် တည်ငြိမ်ခြင်း၊ စုစည်းခြင်း၊ နှင့် ကောင်းမွန်မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။ သူ့ဘ၀တွင် အခက်အခဲများစွာ ကြုံဆုံရပြီး နောက် ဗုဒ္ဓဘာသာတရားထိုင်ခြင်းများကြောင့် ဆေးဝါးသောက်သုံးနေရခြင်း၊ စိတ်ဓါတ်ကျနေခြင်းတို့ မှ ရုန်းထွက်နိုင်ခဲ့ပြီး လမ်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟုလည်း သူကရှင်းပြ သည်။
လက်ရှိတွင် အမေရိကန်နိုင်ငံတွင် ဗုဓ္ဒဘာသာဝင်ဦးရေ နှစ်သန်း မှ သုံးသန်းအထိရှိပြီး အားလုံးသည် သိဒတ္ထဂေါဓမ္မဘုရား၏ လမ်းစဉ်ဖြစ်သော နိဗ္ဗန် ရောက်ရာလမ်းကို ဦးတည်ကြသည်။ နိဗ္ဗန်ရရှိခြင်းဖြင့် အစဉ်မပြတ်ဖြစ်ပျက်ပြောင်းလဲခြင်းကို ရပ်တန့်နိုင်မည်ဖြစ်ပြီး ထာဝရငြိမ်းချမ်းမှုကို ရရှိမည်ဖြစ်သည်။
အမေရိကန်တွင် ဗုဒ္ဓဘာသာအမျိုးမျိုးကို လေ့လာလိုက်စားပြန့်ပွားလျှက်ရှိရာ မဟာရန၊ ထေရဝါဒ၊ ဝိပဿနာ၊ ဇန်ဗုဓ္ဒဘာသာ၊ ခရစ်ယာန်တို့ နားလည် လွယ်အောင် တီထွင်ထားသော Pure Land ဗုဓ္ဒဘာသာ စသည်ဖြင့် အမျိုးအစားစုံလင်လှသည်။ ဝိပဿနာဗုဒ္ဓဘာသာကမူ နေရာအနှံအပြား တွင် ပြန့်ပွားနေသည်။
ဗုဒ္ဓဘာသာကို အမေရိကန်နိုင်ငံအနှံအပြားတွင် တွေ့ရှိနိုင်ပြီး ကာလီဖိုးနီးယားပြည်နယ်တွင် ဗုဒ္ဓဘာသာမျိုးကွဲများ အားလုံးကို တွေ့နိုင်သည်၊ သို့ သော် ဗုဒ္ဓဘာသာဝင်များသည် ခပ်အေးအေး နေထိုင်ကြပြီး လူသိရန် ပြုလုပ်ခြင်းမရှိသည့်အတွက် ရှာရခက်ကောင်း ခက်နိုင်သည်ဟု ဆိုသည်။ ဗုဓ္ဒဘာသာဝင် အများစုအနက် ဗီယက်နမ်၊ ကမ္ဘောဒီယား၊ နှင့် တိဗက်လူမျိုးများမှ အသိသာအထင်ရှားဆုံး ဖြစ်သည်။ အပါတ်စဉ် တရားပွဲများကျင်းပရာတွင် ဘုန်းကြီးများ အစား ဘာသာရေးဆရာများ၊ တရားဟောဆရာများ၊ တက္ကသိုလ်ဆရာများက ဦးဆောင်ကျင်းပကြသည်။
သက်သက်ထွန်း
Ground Report မှ Porteil ရေးသားသော Buddhism Finds New Home in United States ကို ဆီလျော်အောင် အတိုချူံးဘာသာပြန်ဆိုပါသည်။
0 comments